ထားဝယ် ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးဦးမောင်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အတည်ပြုပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းတွင် အရေးကြီးသော ရည်မှန်းချက်အနေ ဖြင့် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)အား ပုံမှန်ဈေးနှုန်းအရ ၂.၁ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု ကျပ် (၁၁၁,၁၈၁.၉၁၆)သန်း (ဘီလီယံအားဖြင့် တစ်ရာတစ်ဆယ့်တစ် ဘီလီယံကျော်) ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအနေဖြင့် မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် အညီ မြို့နယ်အဆင့်မှစတင်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အပါအ၀င် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲပြီးစီးပါက ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းရည်မှန်းချက်များနှင့် လုပ်ငန်းစီမံကိန်းများကို အချိန်နှင့်တစ်ပြေးညီ ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီမံကိန်းဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးတင်မြင့်က တနင်္သာရီတိုင်းဒေသကြီး သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြုအားလုံး ပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး ရည်ရွယ်၍ ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ် တို့နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အတည်ပြုပြီးဖြစ်ကြောင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ နှင့်သက်ဆိုင်သော တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များသို့လည်းကောင်း စီမံကိန်းတာဝန်များပေးအပ်ခဲ့ကြောင်း သတင်းရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)