ပွင့်ဖြူ ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသည့် “ကိုယ့်ကိုယ်ကိုယုံကြည်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ပြည်သူများ စာပေ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စီစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူတိုင်း မည်သူမဆို လာရောက်ပါဝင် ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုး (ပညာရေးငြိမ်း)က စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ကိုယ့်ကိုယ်ကိုယုံကြည်မှု” စာအုပ်တွင် ပါဝင်သော လူမှုအသိုင်းအဝန်း၌ ယုံကြည်မှုရှိသော လူတော်လူကောင်းများဖြစ်စေရန် အရေးကြီးဆုံးမှာ မိမိကိုယ်ကို ယုံကြည်မှုရှိရန်လိုအပ်ကြောင်း၊ ထိုသို့ ယုံကြည်မှုရှိမှသာ ဆောင်ရွက်လိုသည့် အရာများကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်မှာဖြစ်ကြောင်း၊ အလားတူ ပင်ကိုယ်အရည်အချင်းနှင့် ကံ၊ ဉာဏ်၊ ဝိရိယ၊ ဇွဲလုံ့လတို့ အပြင် စွမ်းရည်သတ္တိ၊ စွမ်းဆောင်ရည်နှင့် ကိုယ်ကျင့်သီလနှင့် ပြည့်စုံသောသူများဖြစ်အောင် ကြိုးစားကြဖို့လိုကြောင်း၊ ယုံကြည်မှုရရှိအောင် တည်ဆောက်ရာတွင် လုပ်ငန်းအသေးအဖွဲမှအစ မည်သည့်လုပ်ငန်းကို မဆိုအလေးထားပြီး စနစ်တကျလုပ်ကိုင်သည့် အလေ့အကျင့်များ ဆောင်ရွက်ကြဖို့လိုအပ်ကြောင်းစသည့် စာပေ သိမှတ်ဖွယ်ရာများ အကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက မိမိတို့ ဖတ်ရှုလေ့လာခဲ့သည့် သုတရသစာပေ အကြောင်းအရာများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )