ဒေးဒရဲမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ

ဒေးဒရဲ ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က တိုင်းဒေသကြီး ဘတ်ဂျက်၊ ငွေလုံးငွေရင်းအသုံးစရိတ်များ ထဲမှ ကျပ်(၂၄၈၀.၁၇၄)သန်းကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီး၊ စိုက်ပျိုးရေနှင့် သောက်သုံး ရေရရှိရေး၊ ဆည်မြောင်းလုပ်ငန်းများတွင် ပြည်သူအများစု တိုက်ရိုက်အကျိုးပြုမည့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်လျာထား ကြောင်း တွေ့ရှိရပြီး ဒေးဒရဲမြို့နယ် စီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ​ဖြစ်သည့် လယ်ယာ၊ သားငါးနှင့် စိုက်ပျိုးရေးလုပ်ငန်း များမှ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ အချင်းချင်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြရန် ဆွေးနွေး မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန့်စင်လှိုင်တို့က ဒေသန္တရစီမံကိန်းများ ဆောင်ရွက်မည့် ဌာနများ အား စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းတာဝန်ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

အေဇာလင်း