မင်းဘူး ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာရှိ ရွာဦးကန်တော်ကြီး တိမ်ကောနေမှုအား ရွာသူ၊ ရွာသားများ ပြန်လည် တူးဖော်လျက်ရှိကြောင်း ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးစိန်ဌေးထံမှ သိရသည်။
ရေပုတ်ကြီးရွာ၌ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်မှ အစပြုကာ ခပ်ယူသောက်သုံး၊ အသုံးပြုသုံးစွဲလျက်ရှိသော ရွာဦးကန်တော်ကြီးမှာ တိမ်ကောနေသည့်အတွက် မိုးတွင်းကာလတွင် ကန်အတွင်း စီးဝင်လျက်ရှိသော မိုးရေများမှာလည်း ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့် ခန်းခြောက်သွားပြီဖြစ်သည်။ ထို့ကြောင့် ရွာဦးဆရာတော် ဦးဝါယမ၏ ဦးဆောင်မှုဖြင့် ရွာသူ၊ ရွာသား ၁၀၀၀ ကျော်က စုပေါင်းတူးဖော်လျက် ရှိကြသည်။
ရွာဦးကန်တော်ကြီးသည် ယခင်က အကျယ်အဝန်း ၅ ဧကရှိကာ၊ ပေ ၃၀ ခန့်နက်ပြီး၊ ရွာသူ၊ ရွာသား ၃၀၀၀ ကျော်နှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်မျိုးစုံ ၂၀၀၀ ကျော်တို့ ခပ်ယူ၊ အသုံးပြု၊ သောက်သုံးလျက်ရှိကြသော်လည်း ယခုအခါ တိမ်ကောနေသဖြင့် တစ်နှစ်တစ်ခါ သင်္ကြန် အကြတ်၊ အတက်၊ နှစ်ဆန်း တစ်ရက်နေ့များတွင် အနက် ၃ ပေခန့်တူးဖော်၍ ကန်ပေါင်ဆည်ဖို့ ပြုပြင်ပေးလျက်ရှိကြကြောင်း ရေပုတ်ကြီးရွာ အုပ်ချုပ်ရေးမှူး ဦးလူဝင်းက ပြောပြသည်။
ဇေယျာထက် (မင်းဘူး)