နတ်မောက်မြို့နယ်တွင် နွေစပါးစိုက်ဧက (၁၆၃၁)ကျော်စိုက်ပျိုးပြီးစီး

နတ်မောက်  ဧပြီ ၂၀

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ရှိ ကျေးလက်နေပြည်သူများမှ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နွေစပါးစိုက်ပျိုးရာသီတွင် လျာထားချက် (၁၁၃၆) ဧကရှိပြီး ယခုအချိန်တွင် နွေစပါးစိုက်ဧက (၁၆၃၁)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်ထက် ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်တွင် ဆင်းသုခစပါးအမျိုးအစားကို အဓိကထားစိုက်ပျိုးကြပြီး စပါးမျိုးကောင်း မျိုးသန့်မျိုးစေ့ထုတ်စိုက်ကွက်များ၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကွက်၊ စံပြကျေးရွာများကို ဖော်ဆောင်၍ စိုက်ပျိုးထားခြင်း၊ မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်ဖြင့်စနစ်တကျစိုက်ပျိုးခြင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက တောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများ တိုးပွားလာ စေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုအရည်အသွေးကောင်းမွန်ကာ ပြည်ပစျေးကွက်များသို့ တိုးချဲ့လာနိုင်စေရန်အတွက် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။ နွေစပါးစိုက်ပျိုးနိုင်မှုမှာ အစိုးရဆည်ငယ်ကန်ငယ်များဖြစ်သည့် နတ်မောက် ရေလှောင်တမံဆည်ရေသောက် ဧရိယာ(၃၀၀)ဧက၊ ကျောက်တံခါးဆည် ရေသောက်ဧရိယာ (၁၁၀၀)ဧက၊ ဆည်ငယ်ကန်ငယ်သောက်ဧရိယာ (၂၃၁)ဧက စုစုပေါင်း (၁၆၃၁) စိုက်ပျိုး နိုင်၍ လျာထားဧက ထက်ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း သိရသည်။

လှဝင်း