ညောင်တုန်းမြို့နယ်တွင် မြို့အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ

ညောင်တုန်း  ဧပြီ  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်  စီမံကိန်းလုပ်ငန်းတို့မှ သက်ဆိုင်သူအားလုံးပါဝင်သော မြို့အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေစိုးဟန်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာစန်းတို့က ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့် ဆွေးနွေးမည့်အကြောင်းအရာကိုရှင်းလင်းပြောကြားပြီး ကျေးရွာစီမံကိန်းများတွင် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်း (VDP) များကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီများက အဖွဲ့အလိုက်သုံးသပ်ဆွေးနွေး ခဲ့ကြောင်းသိရသည်။

ထက်ဝေဖြိုး (ပြန်/ဆက်)