ကျွန်းလှမြို့နယ်၌ ဒေသထွက်ရုံးပတီသီး ဈေးကောင်း၍ စိုက်ပျိုးသူများလာ

ကျွန်းလှ ဧပြီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ နွေရာသီစိုက်ပျိုးသည့် ဒေသထွက်ရုံးပတီသီး ဈေးကောင်း၍ စိုက်ပျိုးသူများလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော် ယာမြေနှစ်ဧကရှိပြီး ချောင်းရေတင်စနစ်ဖြင့် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးပါတယ်။ ဒီနှစ်နွေရာသီမှာ ရုံးပတီသီးနှံ ၀ ဒသမ ၂၅ ဧကစိုက်ပျိုးခဲ့ပြီး မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖိုးနဲ့ဆေးဖိုးငွေကျပ် တစ်သိန်းဝန်းကျင် ကုန်ကျပါတယ်။ အခုအခါ ရုံးပတီသီး တစ်ရက်အတောင့် ၁၅၀၀ ဆွတ်ခူးရရှိပြီဖြစ်ပါတယ်။ လက်ရှိအချိန် ရုံးပတီသီးအတောင့် ၁၀၀ ကိုငွေကျပ် ၁၅၀၀ ရောင်းနေရပါတယ်” ဟု ရှမ်းစုကျေးရွာ ရုံးပတီစိုက်တောင်သူ ဦးနိုင်က ပြောပြသည်။

အဆိုပါ ဟင်းသီးဟင်းရွက်စိုက်တောင်သူများအား ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်းများ၊ စိုက်ပျိုးရေးနည်းပညာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)