ကြံခင်း ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ ကဆုန်လဆန်း (၁) ရက်နေ့ ယမန်နေ့ နံနက် (၅) နာရီအချိန်က မဟာသကျမုနိ ခေမံသီရိအာရုံခံတန်ဆောင်းတော်တွင် ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဥပ္ပါတသန္တိသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် သာသနာ့အကျိုးတော်ဆောင် ဦးဝင်းရီဦးဆောင်ပြီး မဟာသကျမုနိဂေါပကအဖွဲ့ဝင်များက ကြံခင်းမြို့နယ်အတွင်းရှိ သံဃာတော်အရှင်သူမြတ် (၁၃) ပါးအားပင့်ဆောင်ကာ ဥပ္ပါတသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော်များနှင့် သာသနာ့အကျိုးတော်ဆောင် အဖွဲ့များက အခမ်းအနားကို"နမောတဿ (၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးနောက် ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ တရားတော်များနာယူကြပြီး အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နံနက် (၆) နာရီအချိန်မှစတင်ပြီး ကြံခင်းမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များက ဥပ္ပါတသန္တိသုတ်တော် ရွတ်ဖတ်ပူဇော်ကြရာ အလှည့်ကျ ရွတ်ဖတ်ပူဇော်ကြပြီး ညနေ (၆) နာရီအချိန်တွင် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌရွှေညောင်ပင် ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ဝါယမမှ ဥပ္ပါတသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာပြီးမြောက်ခြင်း တရားတော်နာရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။
အဆိုပါ ဥပ္ပါသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အတွင်းရှိ စေတနာရှင်အလှူ့ဒါယိကာ၊ အလှူ့ဒါယိကာမများက နေ့ဆွမ်း၊ ဆွမ်းဟင်းများ၊ အချိုပွဲများနှင့် ဝတ္တုများ ဆက်ကပ်လှူဒါန်းကြကြောင်းနှင့် ဥပ္ပါသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ပွဲကို နှစ်စဉ်ချမ်းသာကြီးကျောင်းတိုက်ဓမ္မာရုံတွင် (၉) ကြိမ် ရွတ်ဖတ်ပူဇော်ခဲ့ပြီး (၁၃၈၅) ခုနှစ် ကဆုန်လဆန်း (၁) ရက်နေ့တွင် မဟာသကျမုနိဘုရားကြီး၌ (ပထမ) အကြိမ် ကျင်းပခြင်းဖြစ်ကြောင်း ဘုရားဂေါပကထံက သိရသည်။
မြို့နယ် (ပြန်/ဆက်)