ဆိပ်ဖြူ ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းများ အခြေပြု ကင်းထောက်နှင့် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဆိပ်ဖြူ(အ.ထ.က) နဝရတ်ခန်းမ၌ ပြုလုပ်သည်။
အဆိုပါသင်တန်းများကို မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍ နွေရာသီကျောင်းအားလပ်ရက်များ၌ ကျောင်သား/ ကျောင်းသူများ အသိ ပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် ရပ်ကျိုး၊ ရွာကျိုး ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ သယ်ပိုးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ အခြေပြု ကင်းထောက်နှင့် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်နှင့် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးတို့က သင်တန်းဖွင့် အမှာစကားများ ပြောကြားပေးသည်။ ထို့နောက် မြို့နယ်ဒုတိယပညာရေးမှူး ဦးကြည်ထွန်းက သင်တန်း၌ သင်ကြားပေးမည့် ဘာသာရပ်များနှင့် သင်တန်းအချိန်များလည်းကောင်း၊ မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးတင်မောင်ထွေးက အခြေခံရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး သင်တန်းနည်းပြဆရာတစ်ဦးက သင်းတန်းသား၊ သင်တန်းသူများအတွက် ကင်းထောက်လက်စွဲစာအုပ်များကို ပေးအပ်ခဲ့သည်။
မြို့နယ်အဆင့် အခြေခံပညာကျောင်းများ အခြေပြု ကင်းထောက်နှင့် အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား ဆရာ/ဆရာမ ၃၇ ဦး၊ ကျောင်းသား/ကျောင်းသူ ၉၄ ဦးတို့အား ကင်းထောက်သင်တန်းနည်းပြ(၃) ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် (၅)ဦးတို့က ဧပြီလ ၁၉ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)