ရွှေတောင် အောက်တိုဘာ ၃
ရွှေတောင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေးကို မဲစာရင်းများ လာရောက်ကြည့်ရှု နိုင်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ယမန်နေ့နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေငြာကပ်ထားသည့် မဲစာရင်းပါအချက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လျှောက်လွှာ တင်သွင်းခြင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါရှိပါက ပုံစံ(၃)ဖြင့် အမည်တင်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက် နေထိုင်သူများ အနေဖြင့်ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် ပါဝင်ရန် မသင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ပြန်လည်စိစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက်(၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရုံးစေရေးအတွက် မဲစာရင်းများ လာရောက် ကြည့်ရှု့ ကြရန်လည်း လှည့်လည်အသိပေး နိုးဆော်ထားကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများအား အောက်တိုဘာ(၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအချိန်ထိ ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ ပေးထားမည်ဖြစ်ကြောင်း မြို့နယ ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)