တနင်္သာရီမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ အပူဒဏ်ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show ပြုလုပ်

တနင်္သာရီ  ဧပြီ ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ၂၀၂၃ခု၊ ဧပြီလအတွင်း ရာသီဥတု ပူပြင်းလာပြီဖြစ်သဖြင့် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ ထုတ်ပြန်ထားသည့် အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို ပြည်သူအများ သိရှိနိုင်ရန်အတွက် အပူဒဏ် ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ပြည်သူ့စာကြည့်တိုက်ရှိ(Community Centre) လုထုအခြေပြုဗဟိုဌာန ခန်းမအတွင်း ယမန်နေ့ နံနက် ၁၀နာရီက ပြုလုပ်ပေးခဲ့ကြသည်။

၎င်းအပူဒဏ် ကာကွယ်ရေးအကြောင်း အသိပညာပေး ပြုလုပ်ရာတွင် ဦးစီးအရာရှိ ဦးထိန်ဝင်းက  ရာသီဥတု ပူပြင်းလာသဖြင့် သတိပြုရမည့် အပူဒဏ် အန္တရာယ်များဖြစ်သည့် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်းနှင့် နုံးချိပျော့ခွေခြင်း၊ အလွန်အမင်းရေဆာခြင်း၊ ခန္ဓာကိုယ်အပူ ချိန်မြင့်တက်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း ၊ခန္ဓာကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်လာခြင်း၊ အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့) ချွေးခန်းခြောက်ခြင်း၊ က ယောင်ကတန်းဖြစ်ခြင်းနှင့် သတိလစ်ခြင်း၊ တက်ခြင်း စသည့် လက္ခဏာများ ဖြစ်ပွားနိုင်သဖြင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အရိပ်ရ၍ အေးမြသော နေရာများတွင် နေရန်၊ မိမိ၏အသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် လက်/လည်ပင်း/ပုခုံး တို့ကို လုံခြုံသော အရောင်ဖျော့သည့် ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ရန်၊ နေ့ခင်းနေ့လည် အပြင်ထွက်သွားပါက ထီး/ဦးထုပ်ဆောင်းရန်၊ နေကာမျက်မှန်တပ်ဆင်ရန်၊ ရေများ များသောက်ရန်....စသဖြင့် လိုက်နာဆောင်ရွက်ရန် အချက်များကို ပညာပေးဆွေးနွေး ခဲ့သည်။

ဆက်လက်၍ အငယ်တန်းစာရေး ဒေါ်သင်းစပယ်ဖြူက အပူဒဏ်အန္တရာယ်မှ ရှောင်ကျဉ်နိုင်ရန်  မနက်(၁၀)နာရီမှ ညနေ(၄)နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ကြရန်၊ ပူပြင်းသည့် နေရောင်ခြည်အောက်၌ အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်၊ နေပူထဲမှ ပြန်လာပြီး ချက်ခြင်းရေချိုး ခြင်းကိုရှောင်ကြဉ်ရန်၊ ပူပြင်းသော နေရောင်အောက်မှ အလွန်အေးသော အခန်း နှင့်ကားအတွင်းသို့ ချက်ခြင်းဝင်ရောက်ခြင်း၊ အလွန်အေးသော အခန်းနှင့် ကားအတွင်းမှ ပူပြင်းသော နေရောင်ထဲသို့ ချက်ခြင်းထွက်ခြင်းကို ရှောင်ကြဉ်ကြပါရန် စသည့် ရှောင်ကြဉ်ရမည့် အချက်များနှင့် ပတ်သက်၍ ပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ ထုတ်ပြန်ထားသည့် အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကိုလည်း ပြည်သူအများ ဖတ်ရှုသိရှိနိုင်ရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်အရှေ့ရှိ အသိပညာပေး မြေ စိုက်ဘုတ်တွင် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)