နတ်မောက် ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်၀ပြီး ဘ၀ရည်မှန်းချက် ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ရေး ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ လောကတွင် ရှင်သန်နေကြသော လူတိုင်း ပတ်ဝန်းကျင်ဖြင့် ကင်းကွာပြီး နေထိုင်ရပ်တည်၍ မရသောကြောင့် လူငယ်များအတွက် ပတ်ဝန်းကျင်ကောင်းကို ရှာဖွေပြီး တန်ဖိုးထားတတ်ဖို့လိုသကဲ့သို့ မကောင်းသော ပတ်ဝန်းကျင်ကိုလည်း ခွဲခြားပြီး ရှောင်ရှားတတ်ဖို့ လိုအပ်ပါကြောင်း၊ လူငယ်များကိုယ်တိုင် ပတ်ဝန်းကျင်ကောင်းဖြစ်အောင် နေထိုင်တတ်ရန်လိုအပ်သကဲ့သို့ မိမိအနားတွင်ရှိသော ပတ်ဝန်းကျင်ကိုလည်း မိတ်ဆွေကောင်း၊ မိတ်ဆွေတုဟူ၍ ခွဲခြားစိစစ်တတ်ဖို့ လိုအပ်ပါကြောင်း၊ ဘဝတွင် ပတ်ဝန်းကျင်ကောင်းရှိရန်၊ ရှိနေသော ပတ်ဝန်းကျင်ကောင်းကို တန်ဖိုးထားတတ်ရန် အင်မတန်အရေးကြီးပါကြောင်း၊ မကောင်းသော ပတ်ဝန်းကျင်အား မိတ်ဆွေကောင်းထင်မိ၍ ကောင်းသော ပတ်ဝန်းကျင်ကို ရန်သူထင်မှတ်မိခဲ့သဖြင့် မိမိဘဝအောင်မြင်မှုခရီး ပန်းတိုင်တွင် အန္တရာယ်ဖြစ်လာနိုင်သည့်အတွက် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အသိဉာဏ်ပညာကိုဖြစ်စေမည့် စာအုပ်စာပေ၊ လောကဗဟုသုတများကို လေ့လာသင်ယူကြစေလိုကြောင်းနှင့် မကောင်းသော မိတ်ဆွေများကို ရှောင်ရှားကာ မိမိတို့မျှော်မှန်းရာဖြစ်သော အဓိပ္ပါယ်ရှိသော ဘဝ၏ ပျော်ရွှင်မှု၊ အေးချမ်းမှု၊ အောင်မြင်မှုများ ရရှိနိုင်မည်မှာ မလွှဲဧကန်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
မူမူစန်း