မယ်စဲ့မြို့နယ်တွင် ဆောင်းသီးနှံကြက်သွန်ဖြူများပေါ်ချိန် ဈေးကောင်းရရှိ

မယ်စဲ့ ဧပြီ ၂၀

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ပဲပုပ်နှင့်ကြက်သွန်ဖြူကို ဒေသခံတောင်သူများက အဓိကစိုက်ပျိုးကြရာ ယခုနှစ် ကြက်သွန်ဖြူနုတ်သိမ်းချိန်တွင် ကြက်သွန်ဖြူဈေးကွက်၌ ဈေးကောင်းရရှိသဖြင့် တောင်သူများ အဆင်ပြေကြကြောင်း ကြက်သွန် စိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။

ဆောင်းသီးနှံကြက်သွန်ဖြူကို ဇန်နဝါရီလတွင် စတင်စိုက်ပျိုးကြရာ ဧပြီပထမပတ်တွင် စတင်နုတ်သိမ်းကြောင်း၊ ကြက်သွန်ဖြူမစိုက်ပျိုးမီ မြက်သတ်ဆေး၊ ပေါင်းသတ်ဆေးများ ဖျန်းပေးရကြောင်း၊ စိုက်ပျိုးခအနေဖြင့် တစ်ပုံးလျှင် ဥသေးပါက ကျပ် ၁၅၀၀၀ နှုန်းနှင့် ဥကြီးပါက ကျပ် ၈၀၀၀ နှုန်းပေးရကြောင်း၊ စိုက်ပျိုးပြီး အပင် ၁၅ ရက်သားတွင် ပိုးသတ်ဆေး၊ အပင်သန်ဆေး ဖျန်းပေးပြီး ရေသွင်း၍ ပြုစုပေးရကြောင်း၊ စိုက်ပျိုးပြီး ရက်တစ်ရာအကြာ ကြက်သွန်ဖြူ နုတ်သိမ်းချိန် ကြက်သွန်ဖြူနုတ်ခ တစ်ဦးကို ကျပ် ၈၀၀၀ ပေးရကြောင်း၊ စိုက်ပျိုးချိန်တွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အပင်သန်ဆေး၊ မြေဩဇာ၊ အလုပ်သမားခများ ကုန်ကျစရိတ် များပြားသော်လည်း ကြက်သွန်ဖြူပေါ်ချိန် ဈေးကွက်ကောင်းမွန်သဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခင်နှစ် ကြက်သွန်ဖြူပေါ်ချိန် ကြက်သွန်ဖြူအစို တစ်ကီလိုလျှင် ထိုင်းငွေ ၅ ဘတ်နှင့် အခြောက်တစ်ကီလိုလျှင် ထိုင်းငွေ ၁၈ ဘတ်သာ ဈေးရကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် တောင်သူများအနေဖြင့် ပဲပုပ်ကို ပိုမိုစိုက်ပျိုးခဲ့ကြောင်း၊ လက်ရှိအချိန် ကြက်သွန်ပေါက်ဈေးမှာ ကြက်သွန်ဖြူအစို တစ်ကီလိုလျှင် ထိုင်းငွေ ဘတ် ၂၀ နှင့် အခြောက်တစ်ကီလိုလျှင် ထိုင်းငွေ ဘတ် ၆၀ ရရှိသည့်အတွက် ဈေးအလွန်မြင့်ကြောင်း၊ မယ်စဲ့ဒေသထွက် ကြက်သွန်ဖြူကို ထိုးနိုင်ငံမှ လာရောက်ဝယ်ယူလျက်ရှိသည့်အပြင် ဒေသတွင်းစားသုံးမှုနှင့် ဖားဆောင်း၊ မော်ချီး၊ ဘောလခဲ မြို့များသို့လည်း တင်ပို့ရောင်းချရကြောင်း ကြက်သွန်စိုက်တောင်သူ ဒေါ်နန်းခင်ထံမှ သိရသည်။

ဝတ်ရည်(မယ်စဲ့)