ဆော အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် ၈၀ နှစ်မှ အသက် ၈၅ နှစ်အောက် အဘိုးအဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ငွေများကို မြို့ပေါ် ရပ်ကွက်များမှ အဘိုးအဘွား (၄၉)ဦးအား ယမန်နေ့က အဘိုးအဘွားများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့ပေါ် သီရိရပ်ကွက်နှင့် ဇေယျာရပ်ကွက်အတွင်းရှိ အသက် ၈၀ နှစ်မှ အသက် ၈၅ နှစ်အောက် ဘိုးဘွား(၄၉)ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁,၄၇၀,၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးအဖွဲ့ဝင်များက ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဆောမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၆၈)အုပ်စုမှ အသက် ၈၀ နှစ်မှ အသက် ၈၅ နှစ်အောက် ဘိုးဘွား (၆၇၀)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၀,၁၀၀,၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အဘိုးအဘွားများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ဇော်မျိုးသန့်(ဆော)