ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ စာအုပ်/စာစောင်ပြပွဲပြုလုပ်

ကျောက်ကြီး ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စာအုပ်/စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများက ကျောက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာပေဗဟုသုတများကြွယ်ဝစေရန်ရည်ရွယ်ပြီး ယခုလိုစာအုပ်/စာစောင် ပြပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အလုပ်တာဝန်များဖြင့်မအားလပ်၍ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက်လည် Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးလျက်ရှိကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန် ပြောကြားချက်အရ သိရသည်။

စာအုပ်စာစောင်ပြပွဲတွင် ကလေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့်စာအုပ်များကို ခင်းကျင်းပြသ၍ ကလေးငယ်များနှင့် လူငယ်လူရွယ်များက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)