ဂန့်ဂေါ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အတွင်းရှိ ကုန်စုံဆိုင်များနှင့် ဈေးဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ရောင်းချသွားရန် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်နေ့က မြို့နယ်စည်ပင်သာယာရေး ဌာနအနေဖြင့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်စုံဆိုင်များနှင့် ဈေးဆိုင်များအား ကိုဗစ်ကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများ ရှိ/မရှိကို လည်းကောင်း၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဈေးဆိုင်များအား ပါဆယ် စနစ်(Take Away)စနစ်ဖြင့်သာ ရောင်းချရန် ညွှန်းကြားချက်အား လိုက်နာခြင်း ရှိ/မရှိတို့ကို ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးဉာဏ်ဦးနှင့် တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဂန့်ဂေါမြို့တွင်းရှိ ကုန်စုံဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဈေးဆိုင်များအား လှည့်လည်၍ လိုက်လံစစ်ဆေးခဲ့ပြီး ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)