ပုသိမ် ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကျောင်းကုန်းမြို့နယ်သို့ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ အုပ်စု၊ စာဖြူစုရွာရှိ မုန်းသီတာကုမ္ပဏီသို့သွားရောက်ခဲ့ရာ ကုမ္ပဏီတာတာဝန်ခံမှ အနက်ရောင် ပေါ်ဆန်းမွှေး( FRAGRANT BLACK RICE)၊ အနီရောင်ပေါ်ဆန်းမွှေး( FRAGRANT RED RICE)ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု၊ မျိုးကောင်းမျိုးသန့် မျိုးစပါးများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုနှင့် နွေစပါးစိုက်တောင်သူများနှင့် အကျိုးတူဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးမြင့် ဆန်များထုတ်လုပ်၍ ပြည်တွင်းပြည်ပတင်ပို့ရောင်းချနိုင်ရေး၊ မျိုးကောင်းမျိုးသန့်မျိုးစပါးများ ပိုမိုထုတ်လုပ်၍ တောင်သူများ ထံဖြန့်ဖြူးပေးနိုင်ရေး၊ မျိုးစပါးထုတ်လုပ်ရောင်းချမှုနှင့် တောင်သူများမှ ဝယ်ယူသုံးစွဲမှု အခြေအနေများအား စနစ်တကျမှတ်တမ်း ထားစေရေးမှာကြားခဲ့သည်။ ထို့နောက် ၂၀၂၃- ၂၀၂၄ မိုးရာသီအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် ကြဲပက်ပွဲ အခမ်းအနားတက်ရောက်ခဲ့ပြီး တောင်သူများထံ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ပေးအပ်ခဲ့ပြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပေးခဲ့သည်။
ဆက်လက်၍ ဇရပ်ကွင်းကျေးရွာအုပ်စုရှိ တောင်သူဦးမျိုးမင်းဇော်၏ လယ်မြေ(၁၇) ဧကတွင် ယခင်တစ်နှစ် နှစ်သီးစိုက်ပျိုးရာမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ယခုနှစ်တွင် (စပါး- စပါး- စပါး)သုံးသီး တိုးတက် စိုက်ပျိုးထားသည့် တတိယသီးနှံ နွေစပါး (ပခမ်းရွှေဝါ)မျိုးစပါး စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်နေမှုများနှင့် စပါးခွံလောင်စာသုံး Gasifier ဖြင့် စိုက်ပျိုးရေတင် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင်စိုက်ပျိုးစေရေး၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေး၊ Gasifier ဖြင့် စိုက်ပျိုးရေ တင်ဆောင်ရွက်ရာတွင် ဘေးထွက်ပစ္စည်းများအားစနစ်တကျအသုံးပြုစေရေး၊ တစ်ဧက အထွက်နှုန်းတိုးစေရေးနှင့် သုံးသီးစိုက်ဧကများ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ရေး မှာကြားခဲ့သည်။ ထို့နောက် ဇရပ်ကွင်းကျေးရွာအုပ်စုရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေဖြင့်ဆောင်ရွက်သည့် တောင်သူ ဦးဝင်းအောင်၏ လယ်မြေ(၁၀) ဧကတွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ၂၀၂၃ခုနှစ်၊ နွေစပါး စံကွက်ရိတ်သိမ်းပွဲတက်ရောက်၍ နွေစပါး(ဆာဖိုးသာ) မျိုးစပါး (၀.၁၀) ဧက အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း ခြွေလှေ့ရာ တစ်ဧက (၁၆၄)တင်းနှုန်းထွက်ရှိခဲ့မှုအား ကြည့်ရှုအားပေးခဲ့ပြီး ရိတ်သိမ်း ချိန်လေလွင့် မှုမရှိစေရေး၊ စနစ်တကျရိတ်သိမ်းဆောင်ရွက်စေရေး၊ ခြွေလှေ့စက် မောင်းနှင်ခြင်းအား စနစ်တကျသင်တန်းပေး ဆောင်ရွက်စေရေးမှာကြားခဲ့ပြီး တောင်သူများ၏ လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ဦးသိုက်စိုး၏ အုန်းခြံတွင် အုန်းချိုမွှေး စိုက်ပျိုးထားရှိမှုနှင့် သဘာဝအုန်း ဖူးသကြား ကြိုချက်ထုတ်လုပ်နေမှုများ အားကြည့်ရှုစစ်ဆေးခဲ့ပြီး အုန်းခြံတာဝန်ခံမှ အုန်းဖူးသကြား ချိုချက်ထုတ်လုပ်မှုနှင့် ပြည်တွင်းပြည်ပ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အုန်းဖူးသကြား ထုတ်လုပ်မှုများ သန့်ရှင်းလတ်ဆက်မှုရှိစေရေး၊ ကျန်းမာရေးနှင့် အညီဖြစ် စေရေး၊ ထုတ်ပိုးမှုစနစ်များ သေသပ်ကျနမှုရှိစေရေး၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များ နှင့်အညီဆောင်ရွက်စေရေးမှာကြားခဲ့ပြီးလုပ်ငန်းလိုအပ်ချက်များအား သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ မဲဇလီစာဖြူစုကျေးရွာရှိ မြို့နယ် စိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ ဆောင်ရွက်သည့်နေကြာ စံပြစိုက် ကွက်အား ကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေလုံလောက်စွာ ပေးသွင်းစေရေးနှင့် အောင်မြင်အောင် ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ထို့နောက် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ တွင်ပြုလုပ်သည့် ၂၀၂၃- ၂၀၂၄ မိုးရာသီအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး တောင်သူများထံ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ပေးအပ်ခဲ့ပြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၃- ၂၀၂၄ခုနှစ်၊ ရေတော်မိုးတော် မိုးစပါးစိုက်ပျိုး ရာသီအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ဧက တစ်သိန်းထည့်သွင်း စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ စိုက်ဧက(၂၂၇)ဧက အား ကြဲပက်ပြီး ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မြောင်းမြခရိုင်ရုံးရိပ်သာတွင် မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူးမှ ပေသလပ် ကုန်း- ပြင်ရွာလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ကွမ်းခြံကြီးကျေးရွာတွင် Solar Mini Grid ဖြင့် ကျေးရွာမီးလင်းရေး ဆောင်ရွက်ပြီးစီး မှုအခြေအနေများနှင့် တောင်ကလေးကျေးရွာတွင် ကိုယ်ထူကိုယ်ထဖြင့် ဆောင်ရွက်သည့် ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ အားရှင်းလင်း တင်ပြရာတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် စေရေး၊ အရည်အသွေးပြည့်မီရေး၊ လမ်းပုခုံးများ စနစ်တကျ ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)