ပုလဲ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အောက်တိုဘာ၂ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၇ ဦးနှင့် ဆက်စပ်ထိတွေ့သူ ၅၆ ဦးအား အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် Swab နမူနာများ ရယူပေးပို့စစ်ဆေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုလဲမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အင်မထီးကျေးရွာမှ အမျိုးသမီး ၁ ဦး၊ တလိုင်းကန်ကျေးရွာမှ အမျိုးသမီး ၃ ဦး၊ ပိတောက်ကုန်း(တောင်) ကျေးရွာမှ အမျိုးသမီး ၃ ဦး စုစုပေါင်း ၇ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရှိရသောကြောင့် ပိုးတွေ့လူနာအမျိုးသမီး၇ဦးကို စက်တင်ဘာ ၃၀ ရက်နေ့ညမှာပင် ကျေးရွာ Quarantine ထားရှိသည့် နေရာမှ ခေါ်ဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ Isolation Ward ၌ ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးထားကြောင်း၊ ပိုးတွေ့လူနာ ၇ ဦးနှင့် ဆက်စပ်ထိတွေ့သူ ၅၆ ဦးကိုလည်း ကျေးရွာရှိ CBFQ များမှာ ထားရှိကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာအောင်ကျော်မြင့်က ပို့တွေ့လူနာ ၇ဦးနှင့် ဆက်စပ်ထိတွေ့သူ ၅၆ ဦးအား အောက်တိုဘာ ၃ ရက်နေ့၌ ကျေးရွာရှိCBFQမှ မြို့နယ်ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်၍ အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ် Swab နမူနာများ ရယူ၍ မန္တလေးမြို့၊ အမျိုးသားဓာတ်ခွဲဌာနသို့ ဓာတ်ခွဲနမူနာများ ပေးပို့စစ်ဆေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်တို့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၇ ဦးနှင့် ဆက်စပ် ထိတွေ့သူ ၅၆ဦးအား အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် Swab နမူနာများ ရယူပေးပို့စစ်ဆေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပုလဲမြို့နယ် ၊ ကန့်ဒေါင့်ကျေးရွာနေ ဦးတင်ကြိုင် + ဒေါ်တူးမာမိသားစုက ငွေကျပ်၄၀၅၀၀၀၊ လက်သန့်ဆေးရည်ဘူးများနှင့် ဆပ်ပြာဆီဗူးများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က လက်ခံရယူခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးဇော်ထက် ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဌေး၊ မြို့နယ်ကုသရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာအောင်ကျော်မြင့်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး အဆင့်(၁) ဦးနွယ်မင်းနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး (ပြန်/ဆက်)