တနင်္သာရီမြို့ သဘာဝဘိုးဘွားရိပ်သာတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိမ်းအမှတ် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲပြုလုပ်

တနင်္သာရီ  ဧပြီ ၁၉

၁၃၈၅ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီမြို့နယ်- အမှတ်(၂)စစ်နယ်မြေမှူးဗိုလ်မှူးကြီးအောင်ကိုလတ်၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၏စီစဥ်ဆောင်ရွက်မှုဖြင့် နှစ်စဉ်ကျင်းပလေ့ရှိသည့် သက်ကြီး ဘိုးဘွားများအား ပူဇော်ပွဲအခမ်းအနားကို ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက် ၈ နာရီ ၄၅ က တနင်္သာရီမြို့ သဘာဝ ဘိုးဘွားရိပ်သာကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် မြို့နယ်အမျိုးသမီးရေးရာ နှင့်မိခင်/ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့်စေတနာလုပ်အားရှင်များ အလှူရှင်များ၊ အသက်(၇၅) နှစ်အထက် အဘိုး အဘွားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နမောတဿသုံးကြိမ် ဘုရားကန်တော့ဖွင့်လှစ်ပြီး တက်ရောက်လာသူများက ဘိုးဘွားမျာကို ဩဂါသကန်တော့ချိုးဖြင့်ကန်တော့ကြရာ အဘိုး(၂)ဦး၊ အဘွား တစ်ဦးနှင့် သီလရှင်ဆရာကြီးတို့က ဆုံးမဩ ဝါဒစကားများဖြင့် ဆုတောင်းမေတ္တာပို့သပေးကြသည်။

ထို့နောက် အမှတ်(၂)စစ်နယ်မြေမှူးဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ များက အဘိုးအဘွားများတစ်ဦးချင်းထံသို့ အလှူငွေများကို ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

အသက်ကြီးဘိုးဘွားများအားပူဇော်ရာတွင် သဘာဝဘိုးဘွားရိပ်သာအတွင်း နေထိုင်လျက်ရှိသည့် အသက်(၇၅)နှစ်နှင့်အထက် အဘိုး/အဘွား (၄၀)ဦး၊ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိ အသက်(၇၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၂၅)ဦး၊ စုစုပေါင်း(၁၆၅)တို့အား တစ်ဦးလျှင် အလှူငွေ (၂၀,၀၀၀)ကျပ်စီဖြင့် စုစုပေါင်းအလှူငွေ(၃၃) သိန်းဖြစ်ကြောင်း သက်ကြီးပူဇော်ပွဲကျင်းပ ရေးကော်မတီထံမှသိရှိရသည်။

နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)