ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကဝ ​​ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ “တန်ဖိုးထားအပ်သောအရာများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး စာပေချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဝင် ဦးတင့်နိုင်က စာရေး ဆရာဖေမြင့်၏ “တန်ဖိုးထားအပ်သောအရာများ”စာအုပ်မှ “သူတစ်ပါးကို လက်ညှိုးထိုးချင်သူ”ခေါင်းစဥ်တွင် ပါရှိသော တစ်ချို့လူကပျင်းသည်။ တစ်ချို့ ဝီရိယကောင်းသည်။ ဝီရိယရှိမရှိမှာ ပင်ကိုသဘောပါသလို မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါ သဘောလဲလွှမ်းမိုးကြောင်း၊ အလုပ်ကိုတန်ဖိုးထားသောအလုပ်လုပ်မှ အကျိုးခံစားရမည်ဟုယုံကြည်သော၊ အလုပ်လုပ်ရခြင်း၌ မွေ့လျော် ပျော်ပိုက်သောသူတို့ နေထိုင်ရာပတ်ဝန်းကျင်၌ ပင်ကိုပျင်းရိသူတို့ပင် တဖြည်းဖြည်း လုံ့လထုတ်သော အကျင့်ရတတ်လာကြောင်း၊ လောကကြီးမှာ အချောင်ရသော အရာရှားပါးကြောင်း၊ လောက၌တိုးတက်ကြီးပွားနေသူတွေသည် နည်းနာလဲသိ၊ ဝီရိယလဲရှိသူတွေဖြစ်သည်။ တစ်ချို့ကနည်းလမ်းလဲမရှာ၊ ကြိုးလည်းမကြိုးစား၊ သူတစ်ပါးကြီးပွားသည့်အခါ အမနာပပြောကြသည်၊ ကိုယ်မကြီးပွားသည့်ကိစ္စအတွက် ကံကိုယိုးမယ်ဖွဲ့ကြကြောင်း၊ နီးရာလူကို လက်ညှိုးထိုးကာ အပြစ်ပုံချတတ်ကြောင်း၊ ပြဿနာကိုရှောင်တိမ်းနေခြင်းသည် ကိုယ့်ကိုကိုယ်မကယ်ဆယ်ခြင်းဖြစ်ကြောင်း၊ တစ်နည်းဆိုရသော် မိမိအကျိုးစီးပွားကို မိမိမျက်ကွယ်ပြုခြင်းဖြစ်ကြောင်း၊ မိမိကောင်းကျိုး၊ ဆိုးကျိုးကို အလေးထားသူမှန်က ကိုယ်ကြုံရသည့်ပြဿနာကို ရဲရဲကြည့်ကာအဖြေရှာဖို့ လိုအပ်ကြောင်း၊ အကြောင်းရင်းမှန်ကဘာလဲ၊ ငါဘယ်လို ဖြေရှင်းမည်လဲ စဥ်းစားရှာဖွေကာ လုပ်သင့်လုပ်ထိုက်သမျှကို အားထုတ် ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်ဟု ဦးဆောင်ဆွေးနွေးကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)