ပုလဲ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ တောင်ပိုင်းရပ်ကွက်၊ ဗုဒ္ဓဝိဟာရသာသနာ့ဗိမာန်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ ၁၆၁ ဦးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အထူးရဲသင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးတင်ဌေးက “ကျွန်တော်မြို့နယ်မှာ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ၈ရက်တွင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အတွက် မဲရုံပေါင်း၁၆၁ရုံရှိတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲရုံအသီးသီးသို့ လာရောက် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် အထူးရဲအင်အား ၁၆၁ ဦးကို ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ် ပို့ချပေး ရခြင်းဖြစ်ပါတယ်။
အထူးရဲများအနေဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအပါအဝင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (၆၁) ဖွဲ့နှင့် ပူးပေါင်းပြီး မဲရုံလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။ နယ်မြေခံရဲတပ်ဖွဲ့အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲ ကာလမှာ မဲဆန္ဒရှင်ပြည်သူများ မဲမပေးနိုင်အောင် ဟန့်တားမှုများ မဖြစ်ပေါ် စေရေး၊ မဲရုံပရဝုဏ်နှင့် ကိုက် ၅၀၀ အတွင်းမှာ မလိုလားအပ်သော ပြဿနာ အနှောင့် အယှက်များ မဖြစ်ပေါ် စေရေးနှင့် မူးယစ်သောက်စား ရမ်းကားဆူပူမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်း များဖြင့် လုံခြုံရေး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ် ” ဟု ပြောပြသည်။
အဆိုပါ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ၁၆၁ဦးကို အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ သင်တန်းပေး၍ နိုဝင်ဘာ ၁၅ရက်နေ့အထိ ( ၄၆ )ရက် ခန့်အပ် တာဝန် ပေးမည် ဖြစ်ကြောင်းနှင့် အထူးရဲများအနေဖြင့် ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် မြန်မာနိုင် ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်တာ ဝန်ထမ်းဆောင်ရန် ဆန္ဒရှိပါက သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် လျှောက်ထားနိုင် ကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)