ဘားအံ ဧပြီ ၁၈
နှစ်ဟောင်းကုန်လွန်၍ နှစ်သစ်ကူးပြောင်းသည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်း ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအိမ်ရာ၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်/ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများတွင် ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ကြည်ညို၍ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထိုသို့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးများအိမ်ရာ၌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ဇနီးဒေါ်နန်းဘေဘီမြင့်နှင့်မိသားစုဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ အိမ်ရာဝင်းအတွင်း နေထိုင်ကြသော မိသားစုဝင်များသည် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ (မူလဒွါရ)အမိတာ ရာမရဲကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ပင့်ဖိတ်၍ ရဲကျောင်းတိုက်ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများထံမှ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(မူလဒွါရ) ရဲကျောင်းတိုက်ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဆရာတော်ကြီးများက ကမ္မဝါစာတရားတော်များကို ရွတ်ဖတ် ချီးမြှင့်ကြသည်။
အလားတူ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် စတုဒိသာများတည်းခင်းဧည့်ခံကျွေးမွေးခြင်း၊ နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းများကို ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၏ လမ်းဆုံလမ်းဂွများ၊ နေအိမ်များရှေ့၌ မိသားစုအလိုက်၊ အစုအဖွဲ့များအလိုက် စုပေါင်း၍ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)