ကလေးဝမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲ (၁/၂၀၂၀) သင်တန်းဖွင့်လှစ်

ကလေးဝ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကာလတွင် လုံခြုံရေး ဆောင်ရွက်မည့် အထူးရဲ (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၁) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက အထူးရဲတပ်ဖွဲ့ဝင် များအနေဖြင့် စည်းလုံးညီညွတ်မှု စည်းကမ်းရှိမှု၊ တစ်ဦးနှင့်တစ်ဦးပေါင်းစပ်ညိှနှိုင်းမှုသည် အရေး ကြီးကြောင်း အထူးရဲတာဝန်များကို ထမ်းဆောင်ပြီးပါက မိမိတို့ရပ်ရွာတွင် အထူးရဲစိတ်ဓာတ်ဖြင့် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် နှင့် အထူးရဲတပ်ဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမည့် မဲရုံလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက် ပွဲဆိုင်ရာ ဥပဒေများ၊ ဥပဒေနည်းဥပဒေများ၊ ရဲကျင့်ဝတ်များ၊ အခြားသိမှတ်ဖွယ်ရာများနှင့် စစ်ရေးပြ ဘာသာရပ် များအား စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။

အဆိုပါ သင်တန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဌေးဝင်းနှင့် တပ်ဖွဲ့ဝင် ၉ ဦးက ရပ်ကွက် ကျေးရွာအုပ်စု ၃၉ အုပ်စုမှ တက်ရောက်လာသော အထူးရဲသင်တန်းသား ၆၉ ဦးအား အောက်တိုဘာ (၁) ရက်နေ့မှ အောက်တိုဘာ (၂၈) ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။

သက်ဟန်(ကလေးဝ)