လှိုင်းဘွဲမြို့နယ်တွင် သာသနာ့ဆွေတော်မျိုးတော် ဝေယျာဝစ္စအသင်းမှ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် သင်္ကြန်အထူးညတရားပွဲကျင်းပ

လှိုင်းဘွဲ ဧပြီ  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြို့မကျောင်းကြီး ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရ၏ ဩဝါဒခံယူ၍ သာသနာ့ဆွေတော်မျိုးတော် ဝေယျာဝစ္စအသင်းမှ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် သင်္ကြန်အထူး ညတရားပွဲကို ယမန်နေ့ည(၇)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဒုတိယအကြိမ် သင်္ကြန်အထူးညတရားပွဲကို နာမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ခဲ့ပြီး လှိုင်းဘွဲမြို့၊ မြို့မကျောင်းကြီး၊ စာချဆရာတော် အရှင်တေဇဝန္တထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ တရားတော်များနာယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် အလှူရှင်များက လှူဖွယ်ဝတ္ထုများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး သင်္ကြန်ကာလအတွင်း ဒုတိယအကြိမ် သင်္ကြန်အထူး ညတရားပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တရားနာ တက်ရောက်လာသော ပြည်သူများအား အဆင်ပြေစွာ တရားနာနိုင်ရေးအတွက် ရေသန့်၊ အချိုရေများနှင့်အခြားလိုအပ်သော အသုံးအဆောင်များကို တာဝန်ယူလှူဒါန်းသော အလှူရှင်များက လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချ အမျှဝေပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ဒုတိယအကြိမ် သင်္ကြန်အထူးညတရားပွဲကို ဧပြီလ(၁၃)ရက်နေ့မှ စတင်ကာ ဧပြီလ(၁၇)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သာသနာ့ဆွေတော်မျိုးတော် ဝေယျာဝစ္စအသင်းထံမှ သိရှိရသည်။

စောဒိ(ပြန်/ဆက်)