ကော့သောင်း ဧပြီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက်နေ့ဇီ ဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများကို ယနေ့တွင်ကျင်းပပြုလုပ်ကြောင်း သိရသည်။ အဆိုပါ ကုသိုလ်ယူပြုလုပ်သည့် အခမ်းအနားတွင် ဇီဝိတဒါနငါးလွှတ်ပွဲကို နံနက်ပိုင်းက မြို့မတံတားတွင်ပြုလုပ်ရာ စစ်ဗျူဟာ(အခြေချ) ကော့သောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်သက်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး ပင်လယ်တွင်းသို့ ငါးနှင့်ဂဏန်းများအား ဇီဝိတဒါန လွှတ်ပေးခဲ့ကြသည်။
ယင်းနောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို မွန်းလွဲပိုင်းတွင် ပြည်တော်အေး သာသနာ့ဗိမာန်တော်တွင် ဆက်လက်ကျင်းပခဲ့ရာ ကော့သောင်းမြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်မှ အသက်(၈၅)နှစ်နှင့် အထက်ကန်တော့ ခံဘိုးဘွား(၁၁၉) ဦးတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင်ရှေးဦးစွာ အပူဇော်ခံအဘိုး၊ အဘွားများကို ကန်တော့ပန်ကြားလွှာဖြင့် ပူဇော်ပြီး ဘိုးဘွားကန်တော့ချိုးဖြင့် ကန်တော့ကြသည်။ ဆက်လက်ပြီး အပူဇော်ခံ အဘိုး၊ အဘွားများကို လှူဖွယ်ပစ္စည်းများ လှူဒါန်းကြရာ အဘိုး၊ အဘွားများကိုယ်စား အဘိုးဦးတင်ထွေးနှင့် အဘွားဒေါ်နှင်းရီတို့က ဆုပေးစကားများ ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင်မြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်မှအသက်(၈၅) နှစ်နှင့်အထက်အဘိုး၊ အဘွား (၁၁၉) ဦးအား တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀/)နှင့် ကန်တော့ပစ္စည်းဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)