ဒေးဒရဲ ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြန်မာ့နှစ်သစ်ကူး အခါသမယတွင် နိုင်ငံသူ၊ နိုင်ငံသား ပြည်သူများ ဥပါဒ်ဘေးဒဏ် ရန်အသွယ်သွယ် ကင်းစင်ပပျောက်စေရေးအတွက် မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားနှင့် သက်ကြီးဘိုးဘွားများ ကန်တော့ပွဲကို ယမန်နေ့ညနေ (၅)နာရီခွဲ၌ ဒေးဒရဲမြို့နယ် ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် ဌာနဆိုင်ရာများ တက်ရောက် ကြည်ညိုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာသူများက တော်တနီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒိမာထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျယ်တော် မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ် များအား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ သက်ကြီဘိုးဘွားကန်တော့ပွဲကို ဆက်လက်ကျင်းပရာ မြို့ပေါ်ရပ်ကွက်များရှိ အသက် (၉၀)နှစ်နှင့်အထက် ဘိုးဘွား (၃၂)ဦးအား အလှူငွေနှင့် ဆန်အိတ်များကို ဂါရဝပြု လှူဒါန်းကြရာ ကန်တော့ခံ ဘိုးဘွားများက ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
အေဇာလင်း