မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ

ဘားအံ ဧပြီ ၁၈

မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတစ်ရပ်ဖြစ်သော နှစ်သစ်မင်္ဂလာ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သီလ၊ သမာဓိဂုဏ်နှင့် အသက်အရွယ်ရလာကြသော အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ  မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘားအံမြို့ပေါ်ရပ်ကွက်များမှ တိုင်းရင်းသားပြည်သူများက သက်ကြီးအဘိုးအဘွားများအား ဦးသုံးကြိမ်ချ၍ ကန်တော့ကြပြီး အခမ်းအနားသို့တက်ရောက်လာသော သက်ကြီး အဘိုး၊ အဘွား(၈၀)ဦးအား လှူဖွယ်ပစ္စည်းနှင့်ပူဇော်ကန်တော့ငွေများ ပေးအပ်လှူဒါန်းကြရာ အဘိုး၊ အဘွားများ ကိုယ်စား အဘိုး(၁)ဦးက ဆုံးမဩဝါဒစကားပြောကြားသည်။

ယနေ့အခမ်းအနားသို့ ဘားအံမြို့ပေါ်(၉)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွား (၇၆)ဦး ဘိုးဘွားရိပ်သာမှ(၄)ဦး စုစုပေါင်းအဘိုးအဘွား(၈၀)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသော အဘိုးအဘွား ၂၆၀ ဦး စုစုပေါင်း အဘိုး/အဘွား ၃၄၀ ဦးတို့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင်ငွေကျပ် ၅၀၀၀၀(ငါးသောင်း)စီနှင့် မျက်နှာသုတ်ပုဝါအကြီး တစ်ထည်စီဖြင့် စုစုပေါင်းပူဇော်ကန်တော့ငွေ ကျပ် ၂၂၁၀၀၀၀၀ (နှစ်ရာနှစ်ဆယ့်တစ်သိန်း)ကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ငွေကျပ် ၁၆၀၀၀၀ (တစ်သိန်းခြောက်သောင်း)တန်ဖိုးရှိ တိုင်းရင်းဆေးဝါးများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ အဘိုး၊အဘွား တစ်ဦးလျှင် ၅၀၀၀ ကျပ်စီကိုလည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အဘိုးအဘွားများအား Hand Gel၊ Mask နှင့် အားဆေးများကိုလည်းကောင်း အသီးသီး စုပေါင်းလှူဒါန်းခဲ့ကြပြီး အခမ်းအနားအပြီးတွင် အဘိုးအဘွားများအား လက်သဲ၊ ခြေသဲညှပ်ပေးခြင်းနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများနှင့် အဖွဲ့က လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းနောက် မြန်မာနှစ်ဆန်း(၁)ရက်နေ့ကရင်ပြည်နယ် ဇီဝိတဒါနငါးလွှတ်ပွဲကို ဘားအံမြို့၊ ဇွဲကပင်ခန်းမရှေ့ ကန်သာယာရေပြင် Decking ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ကြီးအဘိုး/ အဘွားများက နှစ်လက်မအောက်ခံအရွယ်ရှိ ငါးခုံးမကြီးကောင်ရေ ငါးသောင်း၊ ငါးမြစ်ချင်းကောင်ရေ ငါးသောင်း စုစုပေါင်းငါးကောင်ရေတစ်သိန်းကို ကန်သာယာအတွင်းသို့  ဇီဝိတဒါနငါးလွှတ်ပေးခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)