ဖားဆောင်း ဧပြီ ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များပူးပေါင်း၍ နှစ်စဉ်မပျက်ကျင်းပမြဲဖြစ်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲကို ယမန်နေ့က ဖားစည်သံလွင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအိဖြူသွယ်နှင့်ဝန်ထမ်းများကကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတိုး၊ ဆီးချိုစစ်ဆေးပေးခြင်းနှင့်ဆေးဝါးများထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များက အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အသက် (၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၉ ဦးအား တစ်ဦးလျှင် အလှူငွေကျပ် (၅၀၀၀၀)နှင့် ဆေးဝါးပစ္စည်းများလှူဒါန်းခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသောအဘိုးအဘွားများကိုယ်စား ဖားဆောင်းမြို့၊မြောက်ပိုင်းရပ်ကွက်ရှိ အဘိုးဦးစိုင်းကျော်မြင့်မှ ဆုမွန်ချွေသြဝါဒဆုတောင်းစကားပြောကြားခဲ့ကြောင်းနှင့် တက်ရောက်လာသည့် အဘိုးအဘွားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အချိုရည်နှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)