ဘားအံ ဧပြီ ၁၈
မြန်မာသက္ကရာဇ် ၁၈၃၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဘားအံမြို့ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတတ်နေ့ ညနေပိုင်းက ကမ်းနားလမ်း၊ မြို့မဘောလုံးကွင်းရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပသည်။
ပိတ်ပွဲတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မွန်ပြည်သစ်ပါတီမော်လမြိုင်ခရိုင်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ဇနီးများက မဏ္ဍပ်အလှဆုများ၊ ဂီတစာဆိုဆုများ၊ ကိုယ်ပိုင်သံစဉ် အဆိုဆုများ၊ တပင်တိုင်အက အဆိုဆုများကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လူမှုရေးရာ ဝန်ကြီး၏ဇနီးက ကိုယ်ပိုင်သံစဉ်တပင်တိုင်အက ပဥ္စမဆု၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ ဇနီးက ကိုယ်ပိုင်သံစဉ်တပင်တိုင်အက စတုတ္ထဆု၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ၏ဇနီးက ကိုယ်ပိုင် သံစဉ်တပင်တိုင်အက တတိယဆု၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးဒေါ်ခင်စိမ်းဝင်းက ကိုယ်ပိုင်သံစဉ်တပင်တိုင်အက ဒုတိယဆု၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ကိုယ်ပိုင်သံစဉ်တပင်တိုင်အက ပထမဆု ရရှိကြသူများကို စာအိတ်ဖွင့်ဖောက် ကြေညာ၍ ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးဦးညွန့်လင်းက Copy သံစဉ်ယိမ်းအက သတ္တမဆု၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီးက Copy သံစဉ်ယိမ်းအက ဆဋ္ဌမဆု၊ ကရင် အမျိုးသားအစည်းအရုံး(KNU) ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧက Copy သံစဉ်ယိမ်း အကပဥ္စမဆု၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌပဒိုစောရွှေမောင်းက Copy သံစဉ်ယိမ်းအကစတုတ္ထဆု၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်စိုးက Copy သံစဉ်ယိမ်းအကတတိယဆု၊ ဥပဒေချုပ်ဦးရဲလွင်က Copy သံစဉ်ယိမ်းအကဒုတိယဆု၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက Copy သံစဉ်ယိမ်းအက ပထမဆု၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ကိုယ်ပိုင်သံစဉ် ယိမ်းအကသတ္တမဆု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ဇော်က ကိုယ်ပိုင်သံစဉ်ယိမ်းအက ဆဋ္ဌမဆု၊ လူမှုရေး ရာဝန်ကြီးဦးစိုးလွင်က ကိုယ်ပိုင်သံစဉ် ယိမ်းအက ပဥ္စမဆု၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ကိုယ်ပိုင်သံစဉ်ယိမ်းအက စတုတ္ထဆု၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကိုယ်ပိုင်သံစဉ်ယိမ်းအကတတိယဆု၊ လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က ကိုယ်ပိုင်သံစဉ်ယိမ်းအက ဒုတိယဆုရရှိကြသူများကို စာအိတ်ဖွင့် ဖောက်ကြေညာ၍ အသီးသီးဆုများပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကိုယ်ပိုင်သံစဉ်ယိမ်းအက ပထမဆုရရှိသော ကျေးလက်လမ်းဦးစီးဌာန သင်္ကြန်ယိမ်းအဖွဲ့အား စာအိတ်ဖွင့်ဖောက်ကြေညာပေးကာ ငွေကျပ် သိန်း(၂၀)နှင့် ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရအသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ယိမ်းအကပြိုင်ပွဲ (ကိုယ်ပိုင်သံစဉ်၊ Copy သံစဉ်)နှင့် တပင်တိုင် အကပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယဆု ရရှိကြသူများက ပြန်လည်သီဆိုကပြဖျော်ဖြေကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့နိုင်ငံရေးဖြစ်စဉ်များကို ကြည့်လျှင် မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော ပြည်ပဩဇာခံနိုင်ငံရေးမသမာသူအချို့က အလုံးစုံ ပျက်သုန်းရေးကို ဦးတည်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက နိုင်ငံ၏ ပကတိအခြေအနေကို လေ့လာသုံးသပ်ပြီး စည်းလုံးညီညွတ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်အေးချမ်းသာယာစေရန် ကျရာအခန်းကဏ္ဍမှ လက်တွဲ ပူးပေါင်းပြီး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် မိမိတို့၏ တစ်နေ့တာလုပ်ငန်းဆောင်တာများကို ပျော်ရွှင်စွာ ဆောင်ရွက်နိုင်ပြီး မိမိအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးကို ဆတက်ထမ်းပိုးသယ်ပိုးရွက်ဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ကို ပိတ်သိမ်းကြောင်း ကြေငြာကာ မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေ၍ မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)