အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာအုပ်စုတွင်  သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

အင်းတော် အောက်တိုဘာ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော  ထောက်ပံ့ငွေများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့က အင်းတော်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်တို့က အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ( ၁၉ ) ဦးအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် တောင်သူများအား ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ အင်းတော်မြို့နယ်အတွင်း ကျေးရွာအုပ်စု ( ၁၂ ) အုပ်စုအတွင်းရှိ တောင်သူပေါင်း ( ၃၆၅ ) ဦး၊ စိုက်ဧကပေါင်း ( ၁၁၈၂ ) ဧက အတွက် တစ်ဧကလျှင် ကျပ်တစ်သောင်းနှုန်း ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ အင်းတော်မြို့နယ်အတွင်းမှ ကျေးရွာအုပ်စု ( ၁၂ ) အုပ်စုမှာ ပင်ဝယ်၊ နဘား၊ ဆည်ရွာ၊ သက္ကယ်ကျင်း၊ မော်တိတ်၊ နန့်သာ၊ နန့်ခင့်၊ ခရမ်းစပ်ကုန်း၊ လက်ပံတန်း၊ မဲဇာ၊ သောင်မြင်း ဥသျှစ်ကုန်း ကျေးရွာအုပ်စုများ ဖြစ်ကြောင်း အင်းတော်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်းက ပြောပြခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် အင်းတော်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက သီးနှံစိုက်ပျိုးမှု များ၊ ရောဂါပိုးမွှားကျရောက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်သီဟ(ပြန်/ဆက်)