ဘုတ်ပြင်းမြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးဆွမ်းအလှူနှင့်သက်ကြီးပူဇော်ပွဲ အခမ်းအနားကျင်းပ

ဘုတ်ပြင်း  ဧပြီ ၁၈

၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးဆွမ်းအလှူနှင့်သက်ကြီးပူဇော်ပွဲကို ယမန်နေ့နံနက်(၅)နာရီက ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်ဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဘုတ်ပြင်းမြို့ အောင်မေတ္တာ တောရကမ္မဋ္ဌာန်းကျောင်းဆရာတော် ဦးသောဘိတ ထံမှငါးပါးသီလ ဆောက်တည်၍ နှစ်ဦးပရိတ်တရားတော်များ နာယူကြသည်။ ယင်းနောက် ပရိသတ်များက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ သက်ကြီးပူဇော်ပွဲအခမ်းအနားကိုကျင်းပရာ မြို့ပေါ်ရပ်ကွက်များမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်ဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဘုတ်ပြင်းတပ်နယ်ရှိ  စကခ(၁၃)မှ စကခမှူး၏ဇနီး ဒေါက်တာခိုင်မာဇော်နှင့် တပ်နယ်/တပ်ရင်း/တပ်ဖွဲ့များမှ တပ်နယ်မိသားစုဝင်များမှ ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး  ဘိုးဘွားများအား ကန့်တောခံပစ္စည်များနှင့် ဆေးဝါးများ ပေးအပ်ကြသည်။

ယင်းနောက် ကန်တော့ခံအဖွားတစ်ဦးက ဆုတောင်းမေတ္တာချီးမြှင့်ပေးပြီး အခမ်းအနားသို့ မလာရောက်နိုင်သည့် ဘိုးဘွားများကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကန်တော့ခံပစ္စည်းများ နှင့်ဆေးဝါးများကို အိမ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍  ဆရာတော်သံဃာတော်အရှင်သူမြတ်များက မော်တော်ယာဉ်ဖြင့် မြို့တွင်းသို့ လှည့်လည်၍  အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)