ခမောက်ကြီး ဧပြီ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း (၁)ရက်နေ့၌ နေရာဒေသအသီးသီးတွင် မြန်မာတို့၏ ဓလေ့ရိုးရာအရ နှစ်သစ်ကုသိုလ်ကောင်းမှုများပြုကြရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲသို့ ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ၊ သက်ကြီးဘိုးဘွားများနှင့်ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ပြီး ဆရာတော်ထံမှ ငါးပါးသီလနှင့် သရဏဂုံ ခံယူဆောက်တည်ခြင်း၊ နှစ်သစ်ဩဝါဒါနှင့် အနုမောဒနာတရားခံယူကြပြီး ဆရာတော်သံဃာတော်များက အန္တရာယ်ကင်း တရားတော်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ယင်းနောက်ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်ပြီး ခမောက်ကြီးမြို့ အတွင်းရှိ (၇၅) နှစ်အထက် သက်ကြီးဘိုးဘွား(၄၂)ဦးများအား တစ်ဦးလျှင်(၅၀,၀၀ဝိ/)ကျပ်နှင့် လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နှစ်သစ်ကုသိုလ်ကောင်းမှုများပြုကြရာတွင် သက်ကြီးဘိုးဘွားများအား ခေါင်းဆေးမင်္ဂလာပြုခြင်း၊ ခြေသည်း၊ လက်သည်းများသုတ်သင်ပေးခြင်း၊ ဘိုးဘွားကန်တော့ခြင်း၊ ငါးလွှတ်ပွဲများပြုလုပ်ခြင်း၊ အလှူဒါနပြုကြခြင်း၊ ရပ်ကွက်၊ ကျေးရွာ၊ လမ်းစုံလမ်းခွများ၊ နေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ ဌာနအဖွဲ့အစည်းရုံးများတွင် ဆရာတော်သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ခြင်းများ ပြုလုပ်လျက်ရှိကြသည်။
ခမောက်ကြီး(ပြန်/ဆက်)