ထန်းတပင်မြို့နယ်၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲနှင့်ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ

ထန်းတပင်(ပဲခူး) ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ မြန်မာနှစ်ဦးအကြိုအသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယမန်နေ့က မြို့နယ်သီရိမင်္ဂလာခန်းမ၌ ပူဇော်ကန်တော့ကြသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး သြကာဿကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကာ အဘိုး/အဘွားများ၏ကိုယ်စား အဘိုးဦးတင်အုန်းမှ ဆုတောင်းမေတ္တာပို့စကားပြောကြားခဲ့သည်။ အသက်(၈၀)နှစ်နှင့် အထက်အဘိုး/အဘွား(၆၃)ဦးအား ပူဇော်ကန်တော့ကြပြီး အဘိုးအဘွားတစ်ဦးလျှင် ငွေ(၁၅၀၀၀)ကျပ်တိတိနှင့် ပစ္စည်းတန်ဖိုး(၁၀၀၀၀)နှုန်း စုစုပေါင်းလှူဒါန်းငွေကျပ် (၁၅၇၅၀၀၀)အား ပေးအပ်လှူဒါန်း၍ ပူဇော်ပွဲသို့တက်ရောက်နိုင်ခြင်းမရှိသည့် သက်ကြီးဘိုးဘွားများအတွက် အိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ကန်တော့ခံအဘိုး/အဘွားများကို ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။

ဆက်လက်၍ ဇီဝိတဒါနငါးလွှတ်ပွဲကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စစ်တောင်းမြစ်အတွင်းသို့ လေးလက်မရွယ်ငါးသားပေါက်ကောင်ရေ(၄၀၀)ကောင်ကို ဇီဝိတဒါနအနေဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)