မင်းဘူးမြို့၌ နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် မြို့လုံးကျွတ် သက်ကြီးဘိုးဘွားပူဇော်ပွဲကျင်းပ

မင်းဘူး ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် မြို့လုံးကျွတ် သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မင်းပူးဦးဩဘာသ မြို့နယ်ခန်းမနှင့် နမ္မဒါဘိုးဘွားရိပ်သာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျင်းပရာတွင် နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို မင်းပူးဦးဩဘာသ မြို့နယ်ခန်းမ၌ ဦးစွာကျင်းပရာ မင်းဘူးမြို့ ရွှေတွင်းကျောင်းတိုက် ပဓာနနာယက မြို့နယ်ဩဝါဒါ စရိယဆရာတော် ဘဒ္ဒန္တသာသန အမူးပြုသော ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကမ်းလှူဒါန်း၍ ပရိတ်တရားတော်များ နာယူကြည်ညိုပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချအမျှအတမ်းများ ပေးဝေခဲ့ကြသည်။

ဆက်လက်ပြီး မြို့လုံးကျွတ် သက်ကြီးဘိုးဘွားပူဇော်ပွဲကို နမ္မဒါဘိုးဘွားရိပ်သာ၌ ကျင်းပရာ မြို့ပေါ်ရပ်ကွက်များရှိ အသက်သိက္ခာ ဂုဏ်ဝါကြီးမားကြကုန်သော သက်ကြီးဘိုးဘွားများအား ဝန်ချတောင်းပန် ရှီခိုးကန်တော့ခဲ့ကြပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဆုချီးမြှင့်ပေးခဲ့သည်။ ထို့နောက် မြို့ပေါ်ရပ်ကွက်များမှ အသက် (၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၅)ဦးအား တစ်ဦးလျှင် ငွေ ၅၀၀၀၀ ကျပ်နှုန်းနှင့် လှူဖွယ်ပစ္စည်းများကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် တာဝန်ရှိသူများက လှူဒါန်းပေးအပ်ခဲ့ကြသည်။

အဆိုပါ သက်ကြီးဘိုးဘွားများအား မြန်နှစ်ဆန်းတစ်ရက်နေ့၌ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပရဟိတလူမှုကူညီရေး အဖွဲ့အစည်းများက သွားလာရေး၊ နေထိုင်စားသောက်ရေးနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)