ကျွန်းစု ဧပြီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာတိလောကမာရဇိန် လျောင်းတော်မူဘုရားကြီးအား ရေသပ္ပာယ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)ရပ်ကွက် လေဆိပ်တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျွန်းစုမြို့သံသရာ အေးစေတီဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အမှတ်(၃) ရပ်ကွက် သီရိမင်္ဂလာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိသိဋ္ဌ ဦးဆောင်၍ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူ တည်ဆောင်ပြီး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်တော်မူခဲ့ရာ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသူများမှ မဟာတိလောက မာရဇိန်လျောင်းတော်မူဘုရားကြီးအား ရေသပ္ပာယ်ပူဇော်ခဲ့ပြီး ဘုရားကြီးအား အမွှေးနံ့သာရည်များဖြင့် ဖျန်းပက်ပူဇော်ခဲ့ကြောင်း သိရသည်။
စိုးစိုးသွယ် (ကျွန်းစု ပြန်/ဆက်)