ဝေါမြို့နယ်၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ဝေါ ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းဦးဆောင်၍ ဝေါမြို့နယ်၌ သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပွဲ ဧပြီလ(၁၇)ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ မွန်းလွဲ(၄)နာရီအချိန်က မြို့နယ်ခန်းမ၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးသီဟထွန်းနှင့်အဖွဲ့ဝင်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ပေးခဲ့ပြီး နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသီဟထွန်းနှင့်အဖွဲ့ဝင်များက ကန်တော့ခံ အဘိုးအဘွား(၃၀)ဦးအား တစ်ဦးလျှင်(၃)သောင်းနှစ်ထောင်နှုန်းဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံဘိုးဘွားများကိုယ်စား အဘိုးဦးစန်းချိုက ဆုပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား(၁၀၆)ဦးအား နေအိမ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြတ်လင်း (ပြန်/ဆက်)