ပွင့်ဖြူ ဧပြီ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွားများအား နှစ်ဆန်းတစ်ရက်နေ့ အခါသမယ ပူဇော်ကန်တော့ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၌ ကျင်းပသည်။
အဆိုပါ ပူဇော်ကန်တော့ပွဲသို့ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွား ၆၃ ဦး တက်ရောက် အပူဇော်ခံခဲ့ကြပြီး ဦးစွာပူဇော်ကန်တော့ခံ သက်ကြီးဘိုးဘွားများကို နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ ရပ်မိရပ်ဖများနှင့် လူငယ်မောင်မယ်များက ဩကာသကန်တော့ကျိုးဖြင့် ဦးခိုက်ရှိခိုး ပူဇော်ကန်တော့ ခဲ့ကြသည်။ ထို့နောက် ပူဇော်ကန်တော့ခံ ဘိုးဘွားတစ်ဦးက ဂုဏ်ပြုဩဝါဒစကားများ ချီးကျူးပြောကြားခဲ့သည်။
ဆက်လက်၍ ဒေသခံရပ်မိရပ်ဖများနှင့် လူငယ်မောင်မယ်များက ပူဇော်ကန်တော့ခံ သက်ကြီးဘိုးဘွား ၆၃ ဦးအား အလှူငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများဖြင့် လက်ဝယ်အရောက် ပူဇော်ကန်တော့၍ ငွေကျပ် ခြောက်သောင်း တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းစုံ(၃)မျိုး၊ ငွေကျပ် ငါးသောင်းကံစမ်းမဲ(၅)ခုနှင့် ငွေကျပ် သုံးသောင်း ကံစမ်းမဲ(၁၁)ခုတို့အား ကံစမ်းမဲများ အသီးသီးဖောက်ကာ ကံစမ်းမဲပေါက်သည့် ဘိုးဘွားများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )