ပုသိမ် ဧပြီ ၁၈
နှစ်ဆန်း (၁) ရက်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါး လွှတ်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမ ရှေ့၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားမှူးက ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ဖတ်ကြားခဲ့ပြီး ဇီဝိတဒါနဘေးမဲ့လွှတ်မည့် ငါးများထည့်ထားသည့် ဖလားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများသို့ တာဝန်ရှိသူများက လက်ဆင့်ကမ်းပေးအပ်ကာ ငါးများကို ငါးဝန်မြစ်အတွင်းသို့ တစ်ပြိုင်တည်း ဘေးမဲ့လွှတ်ကာ ကုသိုလ်ပြုပြီး အခမ်းအနားမှူးက ဆုတောင်း မေတ္တာများပို့သခဲ့သည်။ ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲတွင် ငါးမြစ်ချင်း တစ်သိန်း၊ ရွှေဝါငါးကျင်း တစ်သိန်းတို့အား ဇီဝိတဒါ (အဘယဒါန) ကုသိုလ်ပြုလွှတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည့် မြန်မာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်၍ “အဘိုး၊ အဘွားများအား နှစ်ဆန်း (၁) ရက်နေ့တွင် သက်ကြီးပူဇော်ကန်တော့ပွဲအား နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယခင်နှစ်က ကိုဗစ်-၁၉ရောဂါကူးစက်မှုများ လျော့ပါးသွားသော်လည်း ဘိုးဘွားများ၏ ကျန်းမာရေးအား ရှေ့ရှု၍ စုစည်းကန်တော့ခြင်းမပြုလုပ်ဘဲ စက်တော်ရာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများကိုသာ ပူဇော်ကန်တော့နိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် ဘိုးဘွားများအား သာသနာ့ဗိမာန်တွင် တစ်စုတစ်စည်းထဲ ကန်တော့နိုင်ခဲ့ပါကြောင်း၊ ပုသိမ်မြို့ပေါ်၌ အသက် (၈၅) နှစ်အထက် ဘိုးဘွား (၉၉၉) ဦးရှိပါကြောင်း၊ ယနေ့ ကန်တော့ပွဲသို့ (၉၆) ဦးတက်ရောက်နိုင်ခဲ့ပြီး မတက်ရောက်နိုင်သည့် ဘိုးဘွားများကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် သွားရောက်ကန်တော့ပေးမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများက စုပေါင်း၍ ကန်တော့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဒေသအသီးသီး၌ အသက် (၁၀၀) ကျော်ဘိုး ဘွားများလည်း ရှိပါကြောင်း၊ ယနေ့သာသနာ့ဗိမာန်တော်ကြီးတွင် ဘိုးဘွားများအား စုစုစည်းစည်းဖြင့် ကန်တော့ခွင့်ရသည့်အတွက် များစွာဝမ်းသာကြည်နူးမိပါကြောင်းနှင့် ဘိုးဘွားများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများကို တစ်ပါတည်း ပြုလုပ်ပေးသွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လူမှုရေးကိစ္စများအပါအဝင် လိုအပ်သည်များကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း”ဂုဏ်ပြုစကား ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ပူဇော်ကန်တော့ခံ အဘိုး၊အဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံ အဘိုး၊ အဘွား တစ်ဦးချင်းစီအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများ လှူဒါန်းပေးအပ်သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော အဘိုး၊ အဘွားများ ကိုယ်စား အဘွားတစ်ဦးက ကျေးဇူးတင်စကားပြောကြား ပြောကြားခဲ့ကာ သက်ကြီးပူဇော်ပွဲ အခမ်းအနားအား သာဓုသုံးကြိမ် ခေါ်ဆိုရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိများသည် အဘိုး၊ အဘွားများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
လှမင်းထွဋ်