အုတ်တွင်းမြို့နယ်၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့

အုတ်တွင်း ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ (၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့) ယမန်နေ့နံနက်ပိုင်းက အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပြီး ဈေးရပ်ကွက်ဈေးကျောင်းတိုက်အတွင်း၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

ဦးစွာမြို့ပေါ်ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်များက မြို့နယ်အတွင်းဘေးဥပါဒ် အန္တရာယ်အပေါင်းမှကင်းဝေးစေရေးအတွက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး မြို့နယ်စီမံအုပချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်တာဝန်ရှိသူများက အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည့် ဆရာတော်၊ သံဃာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက်ဈေးရပ်ကွက် ဈေးကျောင်းတိုက်အတွင်း၌ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကန်တော့ခံပစ္စည်းများဖြင့် ကန်တော့ခဲ့ကြပြီး ခေါင်းဆေးမင်္ဂလာပြုပေးခြင်း၊ ခြေသည်း၊ လက်သည်းညှပ်ပေးခြင်းများ ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)