ကျုံပျော် ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာအုပ်စုနှင့် သောင်ရွာကျေးရွာအုပ်စုမှ ပြည်သူများ နှစ်စဉ်ကျင်းပ ကုသိုလ်ယူကြသည့် သံဃာတော်များနှင့် သီလရှင်များအား စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် သက်ကြီး ဘိုးဘွားပူဇော်ပွဲကို မြန်မာနှစ်ဆန်းတစ်ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ပျဉ်ချဆိပ်ကျေးရွာအုပ်စု၊ ညောင်ပင်ဆိပ်ကျေးရွာအုပ်စုနှင့် သောင်ရွာကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၄) ကျောင်းမှ သံဃာတော် (၁၀၈) ပါးနှင့် မြို့ပေါ်ရှိသီလရှင် စာသင်တိုက် (၂) တိုက်တို့မှ သီလရှင် (၇၂) ပါးတို့က ပျဉ်ချဆိပ်အုပ်စု ရွာသစ်ကျေးရွာမှ စတင်၍ သောင်ရွာအုပ်စု ဖိုးထောင့် ကျေးရွာအထိ ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်ခဲ့ကြပြီး၊ ကျေးရွာရှိ အလှူရှင် ပြည်သူများက ဆန်၊ ဆီ၊ ဆား၊ ဆေး စသည့် လှူဖွယ်ပစ္စည်းများအား လောင်းလှူခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ကျေးရွာ သက်ကြီးဘိုးဘွားပူဇော်ပွဲကို ပျဉ်ချဆိပ်အုပ်စု၊ ရွာသစ်ကျေးရွာ မင်္ဂလာတပ်ဦးကျောင်းတိုက် အတွင်း၌ ကျင်းပ ပြုလုပ်ရာ ရွာသစ်ကျေးရွာအတွင်းမှ အသက် (၇၀) နှစ် အထက် ဘိုးဘွား (၃၇) ဦးတို့အား အလှူရှင် အသီးသီးတို့က အလှူငွေ၊ ဆန်နှင့် လူသုံးကုန်ပစ္စည်းများအား စုပေါင်းကုသိုလ်ယူ ပူဇော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး