ညောင်လေးပင်မြို့၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း၊ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲများကျင်းပ

ညောင်လေးပင် ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခု၊ နှစ်ဆန်း ၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် သင်္ကြန်ဗဟိုမဏ္ဍပ်၌ နံနက် ၇ နာရီအချိန်က အန္တရာယ်ကင်းပရိတ်တရားတော်နာယူခဲ့ကြောင်း သိရသည်။

အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ရာ ညောင်လေးပင်မြို့နယ် မြို့နယ်သံဃနာယကဥက္ကဋ္ဌ အောင်တော်မူစာသင်တိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တသုမန အရှင်မြတ်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာသောဆရာတော် သံဃာတော်အရှင်သူမြတ်ကြီးများမှ အန္တရာယ်ကင်းပရိတ်တရားတော်များအား ရွတ်ဖတ်ပူဇော်ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း ညောင်လေးပင်မြို့နယ် ဝဇီရာ ရာမခင်တန်းကျောင်းတိုက် ပဓာနနာယက ဆရာတော်မှ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးအခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် ညောင်လေးပင်မြို့နယ်နှင့် ပြွန်တန်ဆာမြို့ရှိ သက်ကြီးဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားများ ၄၇ ဦးတို့အား အလှူငွေ ၆၁၁၀၀၀/-ကျပ်အား သင်္ကြန်ကျင်းပရေးကော်မတီ၊ ဒုတိယဗိုလ်မှူးကြီးဇော်ထွန်းနိုင်နှင့် ခရိုင်တရားရုံးတို့မှလှူဒါန်းပေးခဲ့ပြီးနောက် ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တဘက်နှင့် အလှူငွေများလှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ညောင်လေးပင်မြို့နယ် အလည်ရွာရေတံခါး၌ ငါးမြစ်ချင်း ၁၅၀၀ ကောင်၊ ငါးခုံးမကြီး ၁၅၀၀ ကောင် စုစုပေါင်းငါးကောင်ရေ ၃၀၀၀ တို့အား နှစ်သစ်ကူးကုသိုလ်ပြု ဇီဝိတဒါနငါးလွှတ်ပွဲများကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွင့်ဝင်များ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတတ်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်