သရက်ချောင်းမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

သရက်ချောင်း        အောက်တိုဘာ     ၂

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၁ရက် နေ့မှ အောက်တိုဘာ ၁၄ရက်နေ့ အထိ နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာထားကြောင်းသိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ရက်နေ့မှ အောက်တိုဘာ ၁၄ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားမည်ဖြစ်၍ အသက်(၁၈)နှစ်ပြည့် ပြီးသည့် မဲဆန္ဒရှင်ပြည်သူများတိုင်းကြည့်ရှုပြီးလိုအပ်ပါကမိမိတို့၏အမည်များမဲစာရင်းတွင်ပါဝင်မှု မရှိပါက မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားစဉ်ကာလအတွင်း ပြန်လည်ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးရန် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းအရ မဲပေးပိုင်ခွင့် ရှိသူ (၁၀၅၀၄၈) ဦးရှိပြီး မဲရုံပေါင်း (၁၁၀) ရုံ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သရက်ချောင်း(ပြန်/ဆက်)