ဖြူးမြို့နယ်၌ မြန်မာ့နှစ်သစ်ကူးနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ

ဖြူး ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့၊ မြန်မာ့နှစ်သစ်ကူးနှစ်ဆန်း(၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာ့ရိုးရာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲနှင့်  ဇီဝိတဒါနငါးလွှတ်ပွဲကို ဖြူးဘိုးဘွားရိပ်သာနှင့်ကျောင်းတော်ရာကျေးရွာရှိ မေတ္တာပေါင်းကူးတံတား(ဖြူးချောင်း)တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ နှစ်သစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှဦးဆောင်ကာ (၃)လက်မ၊(၄)လက်မအရွယ် ငါးမြစ်ချင်းသားပေါက် အကောင်(၁၀၀၀)ကို (ဖြူးချောင်း)အတွင်းသို့ ဇီဝိတဒါနအနေဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် မြန်မာ့ရိုးရာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲပြုလုပ်ရာ ဖြူးဘိုးဘွားရိပ်သာရှိ အဘိုး(၅)ဦး၊ အဘွား(၃၀)ဦးတို့အား ရိုသေလေးမြတ်စွာပူဇော်ကန်တော့၍ လှူဖွယ်ပစ္စည်းများ၊ အလှူငွေများ လှူဒါန်းပြီးကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)