မြန်မာနှစ်ဆန်း(၁)ရက်နေ့ က စစ်ကိုင်းမြို့ရှိ သမိုင်းဝင်မြတ်စွာဘုရားကြီးများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် စည်ကား

စစ်ကိုင်း ဧပြီ ၁၈

စစ်ကိုင်းမြို့၊ သမိုင်းဝင်တန်ခိုးကြီး မြတ်စွာဘုရားကြီးများတွင် မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ ၂၀၂၃-ခုနှစ်၊ ဧပြီ(၁၇)ရက်နေ့က အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ အပန်းဖြေ အနားယူကြသူများနှင့် စည်းကားလျက်ရှိကြောင်းသိရသည်။

"ကျွန်တော်တို့က ကျောက်ပန်းတောင်းမြို့ကနေပြီး လာရောက်ဖူးမြော်တာပါ စစ်ကိုင်းမြို့ရဲ့ သမိုင်းဝင်တန်ခိုး ကြီးဘုရားတွေကို ဖူးမြော်ဖို့လာခဲ့တာပါ မိသားစုဝင်တွေလည်း စုံစုံညီညီပါတယ်ဗျ ဒီဆွမ်းဦးပုညရှင်ဘုရားကြီးကို ဖူးမြော်ချင်တာကြာပါပြီ အခုမှဘဲဖူးမြော်ဖြစ်တော့တယ် ဗဟုသုတတွေလေ့လာကြည့်တော့ ဆွမ်းဦးပုညရှင်ဘုရားကြီးဟာ မည်သူမဆိုဆွမ်းဦးကပ် ချင်တဲ့အတွက် မအိပ်/မနေထိုင်စောင့်ပြီး ဆွမ်းကပ်ပြန်တော့လည်း ကိုယ့်ထက်ဦးစွာဆွမ်းကပ် ပြီးစီးနေတာတွေကို တွေ့ရပါတယ်လို့ မှတ်သားမိ ပါတယ် ဘာပဲဖြစ်ဖြစ်လေ ဒီတစ်ခေါက် ဘုရားလာဖူးရတာ ကိုယ့်အတွက်ရော/ သူငယ်ချင်းမိတ်ဆွေ အပေါင်းတွေရော သမိုင်းရာဇဝင်တစ်ခုရရှိခဲ့တာပေါ့" ဟု ဦးသန်းဝင်းကပြောပြ၍ သိရသည်။

ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းကလည်း"ဒီဆွမ်းဦးပုညရှင် မြတ်စွာဘုရားကြီးဟာ နှစ်စဉ်ဝါတွင်းကာလ ဘုရားပွဲတော်တွေမှာ ဦးဆုံးကျင်းပခွင့်ရတဲ့ဘုရားကြီးပါဝါဆိုလပြည့်နေ့ရယ်၊ အခုလိုအခါကြီး/ရက်ကြီးတွေမှာ စည်ကားပါတယ် တစ်ချို့ကလည်း မိမိတို့သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ကုသိုလ်ပြုရင်းလာရောက်ဖူးမြော်ကြတာတွေရှိရသလို၊ တစ်ခြားမြို့နယ်ပေါင်းစုံကလာရောက်ပြီး ဖူးမြော်တာကြတာတွေလည်းရှိပါတယ် လာရောက်ကြတဲ့ဘုရားဖူးပြည်သူတွေ ယာဉ် အန္တရာယ်ကင်းရှင်းဖို့အတွက်လည်း အတက်လမ်း/ အဆင်းလမ်းသက်မှတ်ပေးပြီး သွားလာနိုင်အောင် ဆောင်ရွက်ပေးထားပါတယ် အတက်လမ်းမှာဆိုရင်တောင် အန္တရာယ်ရှိနေရာမှာ နှစ်လမ်းသွားတိုးချဲ့ ဆောင်ရွက်ပေးထားပါတယ် စစ်ကိုင်းမြို့ဆိုရင်တော့ ကောင်းမှုတော်ဘုရားကြီးရယ်/ ဆွမ်းဦးပုညရှင် ဘုရားကြီးတွေကို အများဆုံးလာရောက်ဖူးမြော်ကြတာပါပဲ" ဟုပြောကြားခဲ့ကြောင်းသိရသည်။

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်မြတ်စွာဘုရားကြီးသည် စစ်ကိုင်းမြို့နှင့်(၄)မိုင် ခန့်သာကွာဝေးပြီး ရင်ပြင်တော်ပေါ်အရောက် ယာဉ်/ ကား/ မော်တော်ဆိုင်ကယ်များ တက်ရောက်ဖူး မြော်နိုင်သလို ကောင်းမှုတော်မြတ်စွာဘုရားကြီးလည်း စစ်ကိုင်းမြို့နှင့်(၅)မိုင်ခန့်သာ ကွာဝေးပြီး စစ်ကိုင်း- မုံရွာသွား ကားလမ်းမဘေးကြီးတွင် တည်ရှိကာ အလွယ်တကူ ဖူးမြော်ကြည်ညိုနိုင်ပြီး မြန်မာ နှစ်ဆန်း(၁)ရက်နေ့၊ ၂၀၂၃-ခုနှစ်၊ ဧပြီ(၁၇)ရက်နေ့ကလည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ များ၊ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)