ဆိပ်ဖြူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ် ကပ်ထားကြေညာ

ဆိပ်ဖြူ အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ဆိပ်ဖြူမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကပ်ထား ကြေညာထားကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် ပိုမိုပြည့်စုံမှန်ကန်ရေးအတွက် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာစဉ်က တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများအား ဖြည့် စွက်ပြီး မဲဆန္ဒရှင်စာရင်းများအားလုံးကို ယခု အောက်တိုဘာလ (၁)ရက်နေ့မှ စတင်ကာ (၁၄)ရက်အထိ ကြေ ညာရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်ပါက ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ ၄(ဂ) စသည့် သတ်မှတ်ပုံစံများဖြင့် မဲစာရင်း ကပ်ထားကြေညာသည့် (၁၄)ရက်အတွင်း လာရောက်လျှောက် ထား ဆောင်ရွက်နိုင်ကြောင်း၊ လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆)အုပ်စု၌ မဲရုံပေါင်း (၁၀၃) ရုံ မဲဆန္ဒ ရှင်ဦးရေ (၈၆၀၆၁) ဦးရှိပြီး အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရှုစေဖို့၊ လာရောက်ကြည့်ရှု ရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေးသည့် Web Application နှင့် Mobile Application များတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းကို ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက တစ်ဆင့်ထပ်ဆင့် အသိပေးပြောကြားရန် မှာကြားထားကြောင်း ဆိပ်ဖြူမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ကိုမျိုး (ယောဧရာ)