မင်းလှမြို့၌ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ် ပူဇော်ပွဲကျင်းပ

အထက်မင်းလှ ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၅ နာရီက ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာသော ဆရာတော်သံဃာတော်များများနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အောင်ဗောဓိကျောင်းဆရာတော် အရှင်သူမြတ် ထံမှငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က ပဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို ရွတ်ဆိုပြီး မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခဲ့သည်။

အဆိုပါ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ၊ စေတနာရှင်အလှူရှင်များ၊ စုပေါင်းကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိငါးရက်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်သည်။ မင်းလှမြို့နယ်တွင် ကျင်းပပြုလုပ်သည့်မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲသို့ ကြွရောက်လာသည့် ဆရာတော်သံဃာ‌တော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်အချိုရည်များကို နေ့စဥ်ဆက်ကပ်လှူဒါန်း လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)