ကလေး ဧပြီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ် အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ကလေးမြို့နယ် စုပေါင်းရုံးတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက် ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးရာတွင် အသက် (၂) လအရွယ် ကလေးငယ်များကို ဘီစီဂျီ၊ ပိုလီယို (ပထမ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) (ပထမ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)(ပထမ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ကိုလည်းကောင်း၊ အသက် (၄) လအရွယ် ကလေးငယ်များကို ပိုလီယ (ဒုတိယ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)(ဒုတိယ)၊ ပိုလီယို ထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) (ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (ဒုတိယ) ကိုလည်းကောင်း၊ အသက်(၆)လအရွယ် ကလေးငယ်များကို ပိုလီယို (တတိယ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) (တတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (တတိယ) ကိုလည်းကောင်း၊ အသက် (၉) လအရွယ် ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး (ပထမ)၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများနှင့် အသက် (၁) နှစ်ခွဲကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး (ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (စတုတ္ထ) စသည့်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးခြင်းကို မြို့နယ်စုပေါင်းရုံးတွင် အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များတွင်လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို အပတ်စဉ်သောကြာနေ့တိုင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး (နေသာကျောင်းရှေ့) တွင်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးကျော်ဟိန်း