ပေါက် အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန်အတွက် အထူးရဲ( Special Police) သင် တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါက်မြို့အောင်တော်မူရပ်ကွက် မိုးကုတ်ဓမ္မရိပ်သာ နှင့် ကျေးရွာအုပ်စုများတွင် သက်ဆိုင်ရာ သင်တန်းနေရာများ၌ ကျင်းပခဲ့သည်။
အဆိုပါဖွင့်ပွဲတွင် ပေါက်မြို့မရဲစခန်း ဒုတိယစခန်းမှူး လှိုင်လင်းထွန်းက သင်တန်းသားများအား သင်တန်းစည်းမျဉ်း၊ စည်းကမ်းများနှင့် သင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်း ပြောကြားသည်။သင်တန်းကို ပေါက်မြို့ အောင်တော်မူရပ်ကွက် မိုးကုတ်ဓမ္မရိပ်သာတွင် သင် တန်းသား(၅၇)ဦး၊ ရေပြာကျေးရွာ သမဝါယမဦးစီးဌာန ရုံးဝန်းတွင် သင်တန်းသား(၈၉)ဦး၊ ဇီးပြားကျေးရွာအ.ထ.က ကျောင်းတွင်သင်တန်းသား (၂၉)ဦး၊ ကိုင်းလယ်ကျေးရွာအ.ထ.ကကျောင်းတွင် သင်တန်းသား(၃၈)ဦး စုစုပေါင်း သင်တန်းသား ( ၂၁၃ )ဦးတက်ရောက်ကြပြီး၊ သင်တန်းကာလမှာ အောက်တို ဘာ (၁) ရက်နေ့မှ (၂၈)ရက်နေ့ အထိ (၄)နေ ရာခွဲ၍ တစ်ပြိုင် တည်း ဖွင့်လှစ်သင်ကြား ပေးလျှက်ရှိပြီး ၊ သင်တန်းဘာသာရပ်များမှာ စစ်ရေးပြသင်တန်း၊ ရဲလက်စွဲဥပဒေ၊ လူ့အခွင့် အရေး အကြောင်းအရာ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ လုံခြုံရေးဆိုင်ရာ အချက်အလက်များကို သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)