ကျုံပျော်မြို့နယ် ဗဟိုမဏ္ဍပ်တွင် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်

ကျုံပျော် ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ အခါသမယတွင် နိုင်ငံအဝှမ်း အေးချမ်းသာယာမှုရှိစေရန်ရည်ရွယ်၍ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို  ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၇ ရက်ညနေ ၅ နာရီအချိန်က ကုသိုလ်ယူ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရန်နိုင်ဝင်း၊ ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်ပရိတ်သတ်များက ဆရာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ အသောကရာမ ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ကေသရာစာရထံမှ ပရိတ်တော် ရွတ်ဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ယုံကြည်မှု၏အကျိုးကျေးဇူးများနှင့် ဩဝါဒကထာတရား နာကြားကြသည်။

ထို့နောက် သံဃာတော် အရှင်သူမြတ်(၉)ပါးတို့ထံမှ  ပရိတ်တရားတော်များ နာကြားကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။ ထိုသို့ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာအုပ်စု အသီးသီး တို့တွင်လည်း ယနေ့နှစ်ဆန်း ၁ ရက်နေ့တွင်  ကုသိုလ်ယူ ဆောင်ရွက်ကြကြောင်း သိရသည်။

လပြည့်ဦး