အုတ်တွင်း အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲ ပေးနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ ၌ ယမန်နေ့မှစ၍ ဒုတိယအကြိမ် မဲစာရင်း ကပ်ထား ကြေညာခဲ့သည်။
အဆိုပါ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မြို့နယ်ရပ်ကွက် (၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၀)အုပ်စုတို့မှ မဲဆန္ဒရှင် ပြည်သူများ မဲစာရင်း မှန်ကန်မှု ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် စတင်ကပ်ထားကြေညာခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ လာရောက် ကြည့်ရှုခဲ့သည်။
အုတ်တွင်းမြို့နယ်တွင် မဲရုံပေါင်း (၁၅၃)ရုံ၊ မဲဆန္ဒရှင် ပြည်သူ (၁၃၀၄၇၆)ဦးရှိပြီး မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း မရှိပါက ပုံစံ (၃)တွင် ဖြည့်သွင်း တောင်းဆိုခြင်းဖြင့်လည်းကောင်း၊ မဲစာရင်း၌ ပါရှိပြီး ပြင်ဆင်လိုသည်များ ရှိပါက ပုံစံ (၄) (သို့) ပုံစံ (၄-ဂ)တွင် ကန့်ကွက်ခြင်း ၊ ပြင်ဆင်ခြင်းများကိုလည်းကောင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး မဲစာရင်း ကပ်ထားကြေညာခြင်းကို အောက်တိုဘာလ (၁၄)ရက်နေ့ထိ ကပ်ထားကြေညာသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နှင်းအိဖြူထံမှ သိရသည်။
စည်သူ (ပြန်/ဆက်)